ရန်ကုန်တိုင်းဒေသကြီးရှိ လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး သည် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ (၅-၆-၂၀၂၁)ရက်နေ့တွင် နေပြည်တော်မှ ထွက်ခွာလာပြီး ရန်ကုန် – နေပြည်တော် – မန္တလေး အမြန်လမ်းမကြီး (ရန်ကုန်-နေပြည်တော် အပိုင်း) လမ်းပြုပြင်ထိန်းသိမ်းထားရှိမှု၊ ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးပြီး မိုင်တိုင်အမှတ်( ၃/၂ နှင့် ၅/၂ )ကြားရှိ ECO-GREEN CITY စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပါသည်။
ရှင်းလင်းဆောင်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးဇော်ဇော်အေး က စီမံကိန်းဆောင်ရွက်မည့် တည်နေရာ၊ စီမံကိန်း၏ အနာဂတ် ရည်မှန်းချက်၊ ရန်ကုန်-ပဲခူးဒေသ ဖွံ့ဖြိုးရေးနှင့် လမ်းကွန်ရက်စနစ် ၊ စီမံကိန်း အကောင်ထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအဆင့်ဆင့် ၊ မြေနေရာ အသုံးချမှုပုံစံ ၊ နိုင်ငံတော်သို့ အပ်နှံရမည့် တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာစီမံကိန်း လုပ်ငန်းများ စတင်ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြပါသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ယခုဆောင်ရွက်နေသည့် ECO-GREEN CITY စီမံကိန်းသည် ရန်ကုန်မြို့အဝင် အဓိကကျသည့် နေရာတွင် တည်ရှိပြီး ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အနာဂတ်မြို့သစ် စီမံကိန်းတစ်ခုအဖြစ် ပေါ်ထွန်းလာမည် ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုကြောင်း၊ လက်ရှိ ခေတ်စနစ်နှင့် ကိုက်ညီသည့် မူဝါဒ ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်သုံးသပ်ဆောင်ရွက်ရန် လိုကြောင်း မှာကြားပါသည်။
စက်မှုဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး တို့သည် (၆-၆၂၀၂၁)ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံး အစည်းအဝေးခန်းမဆောင်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယကအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပြီး အလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေး ကျင်းပပါသည်။
မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ဒုတိယဥက္ကဌ ဒေါက်တာ ချိုဝင်းမော် က မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ လက်ရှိ လုပ်ငန်းဆောင်ရွက်မှုများ၊ ကောင်စီ၏ ဖြစ်ပေါ်တိုးတက်မှု၊ ဥပဒေပါ ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည် ။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ နှင့် တွေ့ဆုံဆွေးနွေးပွဲတွင် တက်ရောက်လာသည့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ၊ ကောင်စီ ဒုတိယ ဥက္ကဌများ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန သည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ Focal Ministry ဖြစ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ၏ ရှေ့လုပ်ငန်းစဉ်များကို လိုက်နာဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများကို အရှိန်အဟုန် မပျက် ဆက်လက်ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားရာတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် အလုပ်အမှုဆောင် ကော်မတီဝင်များနှင့်တွေ့ဆုံပြီး ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ အင်ဂျင်နီယာကောင်စီ၏ လုပ်ငန်းများ တိုးတက်အောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားပါသည် ။
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း က မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို အသေးစိတ် ဆွေးနွေးပြောကြားပါသည်။
ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဒုတိယဥက္ကဌများ၊ ကောင်စီအဖွဲ့ဝင်များ၊ အလုပ်အမှုဆောင် ကော်မတီဝင်များက မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အင်ဂျင်နီယာကောင်စီ၏ ဥပဒေ၊ နည်းဥပဒေများ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍာအလိုက် အသီးသီး အကြံပြုဆွေးနွေး တင်ပြမှုတို့အပေါ် ပြည်ထောင်စုဝန်ကြီးများက မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ညနေပိုင်းတွင် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁)မှ တာဝန်ယူဆောင်ရွက်နေသော ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြင့်(၇)ထပ်ဆောင် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် စီမံကိန်းတာဝန်ခံ က ဘဏ္ဍာရေးနှစ်အလိုက် ဆေးရုံတိုးချဲ့(၇)ထပ်ဆောင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ အရည်အသွေး ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ မြို့ပြ၊ ရေသန့်၊ လျှပ်စစ် ကဏ္ဍအလိုက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ အဆောက်အဦဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော် နှင့် ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေး တို့က ဖြည့်စွက် ရှင်းလင်းတင်ပြပါသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီရေး အထူးဂရုပြု ဆောင်ရွက်ရန် ၊ ဆေးရုံအင်္ဂါရပ်နှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုပါကြောင်း၊ မြို့ပြ၊ ရေသန့်၊ လျှပ်စစ် ကဏ္ဍအလိုက် သတ်မှတ်ချိန်အမီ ပြီးစီးရေး အလေးထားဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို လိုက်နာ ဆောင်ရွက်ရန် မှာကြားပြီး တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးပါသည်။