ရခိုင်ပြည်နယ်ရှိ လမ်းတံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မင်းသန်း ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ (၉-၅-၂၀၂၁)ရက်နေ့ နံနက်ပိုင်းတွင် သံတွဲမြို့မှ ထွက်ခွါလာပြီး သံတွဲ – ဂွ -ငါးသိုင်းချောင်းလမ်း (သံတွဲ – ဂွ လမ်းအပိုင်း) ပြုပြင်ထိန်းသိမ်းထားရှိမှု ၊ တံတားဦးစီးဌာန ၊ တံတားအထူးအဖွဲ့(၈)မှ အရှည်(၃၀၀)ပေ ကျောက်ပါးစပ်တံတား တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ဂွမြို့နယ်တွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော ရတနာမြိုင် – ရေကျော် ကျေးလက်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရခိုင်ပြည်နယ် ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွန်းလင်းမော် က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် ရတနာမြိုင် – ရေကျော်လမ်း (၂)မိုင်အား ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကွန်ကရစ် ခင်းရာတွင် အရည်အသွေး ကောင်းမွန်ရေးကို အလေးထားဆောင်ရွက်ရန် မှာကြားပြီး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၈) မှ တာဝန်ယူတည်ဆောက်နေသော ဂွချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပါသည်။ ဂွချောင်းတံတားသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့ကို ဆက်သွယ်သည့် ကမ်းခြေပတ်လမ်းပေါ်တွင် တည်ရှိပြီး စုစုပေါင်း တံတားအရှည်(၁၃၉၉)ပေ ၊ ယာဉ်သွားလမ်း အကျယ်(၂၄)ပေ၊ လူသွားလမ်း တစ်ဘက်လျင် (၃)ပေ (၆) လက်မစီပါရှိပြီး တံတားအမျိုးအစားမှာ တံတားအပေါ်ထည် PC Girder + RC Girder ၊ သံကူကွန်ကရစ်ကြမ်းခင်းနှင့် တံတား အောက်ထည်တို့ကို သံကူကွန်ကရစ် ဘိုးပိုင်တို့ဖြင့် တည်ဆောက်ထားပြီး တံတားအောက် ရေလမ်းကင်းလွတ် အကျယ်(၈၅)ပေ ၊ အမြင့်(၂၀)ပေနှင့် တံတား၏ ခံနိုင်ဝန်မှာ (၇၅)တန် ဖြစ်ပါသည်။
ရှင်းလင်းဆောင်တွင် ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူရ က ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများ ၊ အရည်အသွေး ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ COVID-19 ကာကွယ်ရေး အစီအမံများ လိုက်နာဆောင်ရွက်ထားရှိမှု ၊ တည်ဆောက်ရေးလုပ်ငန်း အဆင့်လိုက် ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓါတ်ပုံများ ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ရခိုင်ပြည်နယ် တံတားများ တာဝန်ခံ အင်ဂျင်နီယာချုပ် ဦးကျော်မျိုးထွန်း မှ ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။ ဆက်လက်၍ ရခိုင်ပြည်နယ် ၊ လမ်းဦးစီးဌာန ၊ ရခိုင်ပြည်နယ် လမ်းများ တာဝန်ခံ ဦးကျော်မျိုးထွဋ် နှင့် ညွှန်ကြားရေးမှူး(မြို့ပြ) ဦးခင်မောင်မြင့် တို့က တံတားချဉ်းကပ်လမ်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို အသီးသီး ရှင်းလင်းတင်ပြကြပါသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ဂွချောင်းတံတားသည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ကို ဆက်သွယ်သော ကမ်းခြေပတ်လမ်းပေါ်တွင် တည်ရှိပြီး အရေးပါသည့် တံတားတစ်စင်းဖြစ်ပါကြောင်း ၊ တံတားကြီး ပြီးစီးသွားပါက ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့ကို အလွယ်တကူ ဆက်သွယ်သွားလာနိုင်မည် ဖြစ်ပါကြောင်း ၊ တံတားတည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေး အဓိကထား ဆောင်ရွက်ရန် လိုပါကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်ရန်တို့ကို မှာကြားပြီး ဂွ ဘက်ကမ်းတွင် ကမ်းကပ်ခုံ ဘိုးပိုင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ရေလည်တိုင်များ ဆောင်ရွက်ပြီးစီးမှုနှင့် ယက်မလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု့စစ်ဆေးပါသည်။ ယခုအခါ တံတားတစ်စင်းလုံး (၆၉)ရာခိုင်နှုန်း ပြီးစီးနေပြီး လုပ်ငန်းများ သတ်မှတ်အချိန်မီ ပြီးစီးရေးအတွက် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျှက် ရှိပါသည်။
ဆက်လက်၍ နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ် ဂွမြို့မှ ထွက်ခွာလာပြီး သံတွဲ – ဂွ – ငါးသိုင်းချောင်းလမ်း (ဂွ – ငါးသိုင်းချောင်း အပိုင်း)တွင် ရခိုင်ပြည်နယ် လမ်းဦးစီးဌာနမှ လမ်းပြုပြင် ထိန်းသိမ်းထားရှိမှုကို လမ်းတလျှောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။