ရခိုင်ပြည်နယ်ရှိ လမ်းတံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ အမ်းမြို့သို့ ရောက်ရှိနေသော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးရွှေလေးသည် (၈-၅-၂၀၂၁)ရက်နေ့ နံနက်ပိုင်းတွင် အမ်းမြို့၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၆)ရုံး အစည်းအဝေးခန်းမဆောင်တွင် ရခိုင်ပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လုပ်ငန်း လျာထားချက်/ ဆောင်ရွက်ပြီးစီးမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို COVID-19 လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာတွင် အဆောက်အဦ၊ လမ်း၊ တံတား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးရန် ရခိုင်ပြည်နယ်သို့ လာရောက်ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ လုပ်ငန်းများ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီစေရန်နှင့် အောင်မြင်စေရေး အချိန်မီ ဆောင်ရွက်ရန် အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယခုအချိန်တွင် COVID-19 ကာကွယ်ရေး လမ်းညွှန်ချက်များအား လိုက်နာရန် လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်နေသည်ကို တွေ့မြင်ရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ ဝန်ထမ်းများ၏ အခက်အခဲများကိုလည်း ဌာနအလိုက် ညွှန်ကြားရေးမှူးများ မှတဆင့် တင်ပြနိုင်ပါကြောင်း၊ ဝန်ထမ်းများ၏ အခွင့်အရေးများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးမှာ ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန သည် လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူဆောင်ရွက်ရသည့် ဌာနဖြစ်ပါကြောင်း၊ ဦးစီးဌာနများ အနေဖြင့် တာဝန်ယူဆောင်ရွက်ရသော လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီရေး အလေးထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအမံများလည်း ဆောင်ရွက်ထားရန် လိုပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် ထိန်းသိမ်းရေး အပိုင်းများကိုလည်း အဓိကထား ဆောင်ရွက်ရန် မှာကြားလိုပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အဓိက ကျပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကျင့်ဝတ်နှင့်အညီ သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအတိုင်း အလေးထား လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများ၏ အခွင့်အရေးများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် မိမိကျရာတာဝန်များကို ကျေပွန်စွာဖြင့် စေတနာ ထားဆောင်ရွက်ရန် မှာကြားပါသည်။
ထို့နောက် ရခိုင်ပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူး များက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြမှုအပေါ် ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ က လုပ်ငန်းပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပါသည်။
၎င်းနောက် အမ်းမြို့၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၁၆) ရုံး၊ အစည်းအဝေးခန်းမတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဌေးအောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ် လမ်း၊ တံတား ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမ်းမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ရန် လျာထားသည့် သယု(ပဲပဒုံ)တံတားသစ် တည်ဆောက်ရေး၊ လက်ရှိကြိုးတံတားမှ သက်မှတ်ချက်နှင့်အညီ ဆီသယ်ယာဉ်များ အန္တရာယ်ကင်းစွာ ဖြတ်သန်းခွင့်ပြုရေး၊ အမ်းမြို့တွင်းလမ်းဆုံနှင့် လမ်းညွှန်ကျောက်တိုင်အား တင့်တယ်လှပစေရန် အဆင့်မြှင့်ဆောင်ရွက်ပေးရေးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်ပေးရမည့် လမ်းအခြေအနေကို လည်းကောင်း၊ ကြိုးတံတားလုံခြုံရေး၊ အသစ် တည်ဆောက်မည့် တံတားအတွက် မြေနေရာ ကိစ္စရပ်များနှင့် အမ်းမြို့ ဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာလှပရေး တို့အတွက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် အမ်းမြို့မှ ထွက်ခွာလာပြီး အမ်း – ပဒဲကြော – မအီလမ်း အခြေအနေကို လည်းကောင်း၊ မအီ – ကျောက်ဖြူလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ဒီးဒုတ်ပေါက်တံတား ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၈)မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သူရ က တံတားချဉ်းကပ်လမ်းအပိုင်း ပြင်ဆင်နေမှု၊ ပင်မတံတား ကြမ်းခင်းများ ပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် တံတားအပေါ်ထည် သံဘောင်များ ကြံ့ခိုင်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ထိန်းသိမ်းရေး) ဦးသိန်းမြင့်မွန် က ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ယခုတံတားသည် ၂၀၀၂ ခုနှစ်က စတင် တည်ဆောက်ခဲ့ရာ သက်တမ်း နှစ်(၂၀)ခန့် ရှိပြီဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တည်ဆောက် ထားသော တံတားများသည် ပင်လယ်ဆားငံရည်နှင့် ထိတွေ့သည့်အတွက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့၍ မကြာခဏ ပြုပြင် ထိန်းသိမ်းခဲ့ရပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် ယခုတံတား၏ ချဉ်းကပ်တံတားကို အကြီးစားပြင်ဆင်ခြင်း ဖြစ်ပါကြောင်း၊ ယခုတံတားဘေးတွင် ပင်လယ်ဆားငံရည်ခံနိုင်ရန် နည်းပညာသစ်ကို အသုံးပြု၍ တံတားဟောင်းနေရာများတွင် တံတားအသစ်များကို (၁)စင်းပြီး (၁)စင်း စီမံချက်ချ၍ ထပ်မံတည်ဆောက်သွားမည့် အစီအစဉ်များ ရှိပါကြောင်း၊ တံတားသစ်များ တည်ဆောက်ရေးအတွက် လိုအပ်သည့် ဖြစ်တန်စွမ်း ကြိုတင်လေ့လာစိစစ်မှုများ ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအား မှာကြားပါသည်။
ဆက်လက်၍ တောင်ကုတ် – မအီ – ကျောက်ဖြူလမ်း (တောင်ကုတ် – မအီ အပိုင်း)တွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၈) မှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲမင်းမောင် က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တောင်ကုတ် – မအီ လမ်းအပိုင်း 0 km မှ 69.20 km အတွင်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ အပိုင်းလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြရာ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဦး က ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး က ကွန်ကရစ်လမ်းများ ဆောင်ရွက်ရာတွင် အောက်ခံလမ်းသား အမာခံ ရရှိပြီးမှ ကွန်ကရစ်ခင်းရန်၊ ကားကြီးများ အန္တရယ်ကင်းစွာ အသုံးပြုနိုင်ရေး အမာခံလမ်းပုခုံးများ တပါတည်း ဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းပြီးစီးပါက လမ်းဘေးဝဲ/ယာတွင် သန့်ရှင်းသပ်ရပ်အောင် စနစ်တကျ ဆောင်ရွက်ရန်၊ လိုအပ်သည့်နေရာများတွင် လမ်းနယ်တိုင်စိုက်ခြင်းနှင့် လမ်းနယ်သစ်ပင်များ စိုက်ပျိုးရန်တို့ကို မှာကြားပြီး ကွန်ကရစ် ခင်းပြီး အပိုင်းအား ကြည့်ရှုစစ်ဆေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကုတ် – မအီ လမ်းအပိုင်း ကွန်ကရစ်ခင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ တောင်ကုတ် – သံတွဲလမ်း ပြုပြင်ထိန်းသိမ်းထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။