မကွေး နှင့် ရခိုင် ရှိ လမ်းတံတားများအား ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ (၇-၅-၂၀၂၁)ရက်နေ့တွင် နေပြည်တော်မှ မော်တော်ယာဉ်များဖြင့် ထွက်ခွါပြီး နေပြည်တော် ၊ လမ်းဦးစီးဌာနမှ တာဝန်ယူ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသော နေပြည်တော်-တောင်ညို – မြို့သစ် – ကန်ပြား – မကွေး လမ်းအပိုင်း (၂၂)မိုင် (၆)ဖာလုံ အား အကျယ်(၁၂)ပေ မှ အကျယ်(၁၈)ပေ ကွန်ကရစ်လမ်းခင်းပြီးမှု အခြေအနေ၊ လမ်းချဲ့ခြင်းနှင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးမှ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော် – တောင်ညို – မြို့သစ် – ကန်ပြား – မကွေးလမ်းအပိုင်း မကွေးတိုင်းဒေသကြီး ၊ လမ်းဦးစီးဌာနမှ လမ်းနယ်တိုင်များနှင့် လမ်းနယ်သစ်ပင်များ အခြေအနေ၊ လမ်းဘေး ရေနှုတ်မြောင်း ဆောင်ရွက်ခြင်း၊ လမ်းချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးပြီး မိုင်အမှတ် (၃၃/၁ နှင့် ၃၃/၂)ကြားရှိ သရက်ခွ ချောင်းတံတားသို့ ရောက်ရှိရာ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တံတား၏ အောက်ဘက်နှင့် အထက်ဘက် ရေစီးလမ်းကြောင်းအခြေအနေ၊ Box Culvert ချဉ်းကပ်လမ်း ရေတိုက်စား၍ ပျက်စီးမှုကြောင့် ထိန်းသိမ်းဆောင်ရွက်ရမည့် အခြေအနေ တို့ကို အသေးစိတ်ကြည့်ရှုစစ်ဆေးပြီး လက်ရှိတံတားအား တံတားခန်းဖွင့် တိုးချဲ့ တည်ဆောက်ရန် ညွှန်ကြားပါသည်။ ထို့နောက် မိုင်တိုင်အမှတ် (၆၂/၇ နှင့် ၆၃/၀) ကြားတွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၃)မှ အရှည် (၁၈၀)ပေ ပေါင်းကူးချောင်းတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး နေ့လည်ပိုင်းတွင် မကွေးမြို့မှ ဆက်လက် ထွက်ခွာ၍ မင်းဘူး – အမ်း လမ်းအပိုင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပါသည်။ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၁)၏ ရင်းရှည် လမ်းစခန်းရုံးသို့ ရောက်ရှိရာ မကွေးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးစံမင်းအောင် မှ မင်းဘူး – အမ်း – စစ်တွေလမ်း (မင်းဘူး – အမ်း လမ်းပိုင်း)အား မကွေးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန မှ (0.0 km မှ 107.62 km ထိ) လမ်းချဲ့ခြင်း၊ လမ်းဘေး ကွန်ကရစ်ရေမြောင်းများ ဆောင်ရွက်ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ လမ်း/တံတားများ တည်ဆောက်ပြုပြင်၊ ထိန်းသိမ်းနေမှု အခြေအနေကို လည်းကောင်း၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၁) ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးကြည်ပို မှ မင်းဘူး – အမ်း လမ်းပိုင်းအား ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးလှထွန်းဦး မှ ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ မင်းဘူး – အမ်း – စစ်တွေလမ်း၊ ပြည် – ပန်းတောင်း – တောင်ကုတ်လမ်းနှင့် ငါးသိုင်းချောင်း – ဂွ – သံတွဲ လမ်းတို့မှာ ရခိုင်ပြည်နယ်၏ အဓိက ဝင်ပေါက်၊ ထွက်ပေါက် လမ်းများဖြစ်သည့်အနက် နေပြည်တော် – မကွေး မှ ဝင်ရောက်နိုင်သည့် မင်းဘူး – အမ်း – စစ်တွေလမ်းသည် ပြည်နယ် ပြည်မ ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုတို့တွင် အဓိက အရေးပါသော လမ်းတစ်လမ်း ဖြစ်ပါကြောင်း၊ ယခုလမ်းအပိုင်းသည် တောင်ပေါ်လမ်းဖြစ်သည့် အတွက် လမ်းကွေ့များ ချဲ့ပေးရန် လိုပါကြောင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် လိုအပ်သည့် နေရာများတွင် လမ်းညွှန်ဆိုင်းဘုတ်များ၊ သတိပေး၊ အသိပေး ဆိုင်းဘုတ်များ၊ Guard Post နှင့် Guard Railများ စိုက်ထူပေးရန် လိုပါကြောင်း၊ ယခုလို တောင်ပေါ်လမ်းများချဲ့ခြင်းကြောင့် အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်ပြီး ခရီးသွားပြည်သူများ၏ ယာဉ်အန္တရာယ် လျော့နည်းသွားသည့် အချက်အလက်များကို နှစ်အလိုက် မှတ်တမ်းတင်ထားရှိရန် လိုအပ်ပါကြောင်း၊ ယာဉ်အန္တရာယ် ဖြစ်တတ်သည့် လမ်းအပိုင်းများကိုလည်း ချက်ချင်း တိုးချဲ့ပြုပြင်သွားရန်တို့ကို လမ်းညွှန် မှာကြားပါသည်။
၎င်းနောက် မကွေးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော မင်းဘူး – အမ်း လမ်းအပိုင်း လမ်းချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ကွန်ကရစ်ရေမြောင်းများ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး အမ်းတောင်ကြားသို့ ရောက်ရှိကာ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးခင်မောင်မြင့် မှ ရခိုင်ပြည်နယ်အပိုင်းမှ တာဝန်ယူဆောင်ရွက်သော (151 km မှ 153 km)ကြားတွင် အကျယ်(၁၈)ပေ ကွန်ကရစ်လမ်းခင်းပြီးမှု အခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လမ်းများ အဆင့်မြှင့်တင် တည်ဆောက်ရာတွင် စံချိန်စံညွှန်းနှင့် အရည်အသွေး ပြည့်မီရေး အလေးထား ဆောင်ရွက်ရန် မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သယု(ပဲပဒုံ)တံတား သို့ ရောက်ရှိပြီး တံတားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(ထိန်းသိမ်းရေး)နှင့် စစ်ဆေးရေးအဖွဲ့တို့နှင့် အတူ ကြိုးထိမ်းခုံ ကြံ့ခိုင်မှု၊ ပင်မတံတားပေါ်တွင် ကြမ်းခင်းများ၊ လက်ရမ်းများ၊ ပင်မဆိုင်းကြိုးများ ကြံ့ခိုင်မှု အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် အမြဲမပြတ် စစ်ဆေးပေးရန်လိုပါကြောင်း၊ တံတား လုံခြုံရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အပိုင်းအား တာဝန်ရှိသူများအား မှာကြားပါသည်။ လက်ရှိ သယု(ပဲပဒုံ) ကြိုးတံတားမှာ ယာဉ်ဖြတ်သန်းမှု တန်(၂၀)သာ ခွင့်ပြုနိုင်သည့်အတွက် အဆိုပါ တံတားဘေးတွင် ခံနိုင်ဝန် တန်(၆၀) ရှိသည့် တံတားအသစ်(၁)စင်း တည်ဆောက်နိုင်ရေး Feasibility Study ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (158km)နှင့်(160km)ကြား အမ်းမြို့အဝင်တွင် အကျယ် (၁၈)ပေ ကွန်ကရစ်ခင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး အမ်းမြို့တွင်းလမ်းဆုံ လမ်းညွှန်ကျောက်တိုင်အား တင့်တယ်လှပစေရေး အဆင့်မြှင့်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။