ပြည်သူ့အငှားအိမ်ရာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားအငှားအိမ်ရာများစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရွှေလေး သည် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန် ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မင်းနောင် ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် ၊ နေပြည်တော်ကောင်စီဝင်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ (၁၆-၅-၂၀၂၁)ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြို့ပြနှင့်အိမ်ရာ ဖွံဖြိုးရေးဦးစီးဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်အဖွဲ့တို့ ပူးပေါင်းပြီး ပြည်သူ့အငှားအိမ်ရာ စီမံကိန်းနှင့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားအငှားအိမ်ရာ စီမံကိန်း တည်ဆောက်‌ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပါသည် ။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေနှင့် မြို့ပြကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ နေထိုင်ရေး အဆင်ပြေစေရန် အိမ်ရာစီမံကိန်းများ ဖြည့်ဆည်းပေးနိုင်ရေး အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း ၊ မြို့ပြလူဦးရေ များပြားသည့် နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး တို့မှာ အိမ်ရာလိုအပ်ချက် မြင့်မားလာသည့်အတွက် အရောင်းအိမ်ရာ ၊ အငှားအိမ်ရာများကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးနေခြင်း ဖြစ်ပါကြောင်း ၊ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေး ဦးစီးကော်မတီ၏ ကွပ်ကဲမှုနှင့် ပုဂ္ဂလိကဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းအဖွဲ့ (၃)ဖွဲ့မှ ဦးဆောင်တာဝန်ခံ၍ အသင်းဝင်ကုမ္ပဏီပေါင်း (၉၃)ဖွဲ့တို့နှင့် လုပ်ငန်းများ ခွဲဝေတည်ဆောက်နေခြင်း ဖြစ်ပါကြောင်း ၊ နေပြည်တော် ပြည်သူ့အငှားအိမ်ရာ စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ၏ အခြေခံအဆောက်အအုံ (Infrastructure) အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေးအတွက် လိုအပ်ချက်ကို နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်းဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း ၊ နေပြည်တော်မှာ တိုက်(၂၈)လုံး ၊ အခန်း(၄၄၈)ခန်း အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် ပြီးစီးမှုအခြေအနေတွေကို ယနေ့ လာရောက် ကြည့်ရှုခြင်းဖြစ်ပါကြောင်း ၊ လုပ်ငန်းကြီးကြပ် ဆောင်ရွက်နေသည့် Project Management Unit မှ တာဝန်ရှိသူများ ၊ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် စီမံကိန်း အချိန်မီပြီးစီးရေး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်စေလိုပါကြောင်း ဖြင့် ပြောကြားပါသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က ယခုတည်ဆောက်နေသည့် နေပြည်တော်ကောင်စီ နယ်မြေရှိ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းနှင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား အငှားအိမ်ရာ စီမံကိန်းများကို လာရောက်ကြည့်ရှုခြင်း ဖြစ်ပါကြောင်း ၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ ၊ အဖွဲ့အစည်းများ ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၊ နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စည်ပင်သာယာရေး ၊ သန့်ရှင်းသာယာလှပရေးနှင့် အိမ်ရာစီမံကိန်းများတွင် နေထိုင်သည့် ပြည်သူများ ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ နေထိုင်ရေး အဆင်ပြေစေရေးအတွက် နေပြည်တော်ကောင်စီ အနေဖြင့် ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားပါသည် ။
ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန် က နေပြည်တော် သုခဝတီ အိမ်ရာစီမံကိန်း ဖြစ်ပေါ်လာပုံနှင့် ဆောင်ရွက်ထားရှိမှု အကျဉ်းချုပ်အား ရှင်းလင်းတင်ပြပါသည် ။
ထို့နောက် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် ၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် ၊ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များ အသင်းချုပ်တို့က စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု ၊ လုပ်ငန်းပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြကြပါသည် ။ တင်ပြချက်များအပေါ် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ၊ လုပ်ထုံးလုပ်နည်းများ ၊ သက်မှတ်ချက်များနှင့် ပတ်သက်၍ ဒုတိယဝန်ကြီး ဦးမင်းထိန်နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် တို့က ညှိနှိုင်းဆောင် ရွက်ပေးပါသည် ။
ဆက်လက်၍ အိမ်ရာစီမံကိန်းများတွင် ကြီးကြပ်သည့် အဆောက်အဦဦးစီးဌာန မှ အဆောက်အအုံ ဒီဇိုင်း ၊ မြို့ပြ ၊ ရေသန့် ၊ လျှပ်စစ်နှင့် အရည်အသွေး ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ရှင်းလင်းတင်ပြပါသည် ။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့ က COVID-19 ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ဆောက်လုပ်ရေးကဏ္ဍမှတစ်ဆင့် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့် ဝင်ငွေနည်းပြည်သူများ နေထိုင်ရေးအဆင်ပြေစေရန် ယခုလို အိမ်ရာစီမံကိန်းများကို ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် ဒေသတွင်းပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများလည်း ဖန်တီးပေးရာ ရောက်ပါကြောင်း ၊ COVID-19 ကာကွယ်ရေး ညွှန်ကြားချက်များကိုလည်း လိုက်နာရန်လိုပါကြောင်း ၊ စီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး ၊ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေး အလေးထား ဆောင်ရွက်ရန်လိုပါကြောင်း ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများ ၊ လုပ်ထုံးလုပ်နည်းများ ၊ သတ်မှတ်ချက်များ နှင့်အညီ ညှိနှိုင်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားပါသည် ။
၎င်းနောက် ပြည်ထောင်စုဝန်ကြီး ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ နှင့်အဖွဲ့သည် ပြည်သူ့အငှားအိမ်ရာ(၁)ခန်းလျှင် (၆၁၄)စတုရန်းပေအကျယ်ရှိ ၄ ခန်းတွဲ ၅ ထပ် တည်ဆောက်နေမှုနှင့် အခန်းဖွဲ့စည်းထားရှိမှု အခြေအနေကိုလည်းကောင်း ၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား အရာထမ်းများအတွက် အငှားအိမ်ရာ(၁)ခန်းလျှင် (၆၅၀)စတုရန်းပေအကျယ်ရှိ ၄ ခန်းတွဲ ၅ ထပ် တည်ဆောက်ရေးလုပ်ငန်းများနှင့် အခန်းဖွဲ့စည်းထားရှိမှု အခြေအနေကို လည်းကောင်း ၊ တည်ဆောက်ပြီးစီးနေသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား အငှားအိမ်ရာတွင် နေထိုင်သည့် ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး အားပေးစကား ပြောကြားပါသည် ။