တည်ဆောက်ရေးလုပ်ငန်း စိစစ်ညှိနှိုင်း အစည်းအဝေး

ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့(ငွေလုံးငွေရင်း) (၁/၂၀၂၁)နှင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးကော်မတီ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၉-၆-၂၀၂၁)ရက်နေ့တွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမဆောင်၌ COVID – 19 ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ကျင်းပပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း)နှင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန် ၊ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း)နှင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ (၂၅-၂-၂၀၂၁)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၉/၂၀၂၁)နှင့် ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း)ကို ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး (၂၆-၂-၂၀၂၁)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၃/၂၀၂၁)ဖြင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တာဝန်ယူ ဆောင်ရွက်နေသည့် ကာလတွင် လာမည့် ဘတ်ဂျက်အသစ် လျာထားခြင်းသည် အရေးကြီးသည့်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး အား ဖိတ်ကြားပြီး ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ အလေးထား လိုက်နာရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားစေခြင်း ဖြစ်ပါ ကြောင်း။
တည်ဆောက်ရေးလုပ်ငန်းများ လျာထားရာတွင် လုပ်ငန်းစီမံကိန်းသစ်၊ ဆောင်ရွက်ဆဲ လုပ်ငန်းစီမံကိန်းများကို ခွဲခြားဖော်ပြပြီး ခွဲဝေရရှိသော ဘောင်အတွင်း ရန်ပုံငွေ ခွဲဝေလျာထားကြပါကြောင်း၊ လုပ်ငန်းစီမံကိန်းသစ်ကြီးများအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် ပထမဦးစားပေး လုပ်ငန်းများဖြစ်သည့် ကြိုတင်ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်း၊ သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်ခြင်း၊ သတ်မှတ်ချက်နှင့်အညီ ပုံစံဒီဇိုင်း ရေးဆွဲခြင်း၊ ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်ခြင်း စသည့် အကြိုအင်ဂျင်နီယာ လုပ်ငန်းများကို ကြိုတင်ဆောင်ရွက်ထားကြရမှာ ဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းအတွက် မြေနေရာ အတည်ပြုချက် ရရှိပြီး ဖြစ်ရမည်ဖြစ်ပြီး ခန့်မှန်းခြေ စာရင်းကိုလည်း သက်ဆိုင်ရာ ဌာနများအနေဖြင့်ကျွမ်းကျင်မှုဆိုင်ရာ ခွင့်ပြုမိန့်ရရှိရန် ဆောင်ရွက်ထားရန် လိုအပ်ပါကြောင်း။
တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ် အတွင်း စောနိုင်သမျှ Tender Process များ အပြီး ဆောင်ရွက်နိုင်မှသာ လုပ်ငန်းများ အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီ ပြီးစီးမည် ဖြစ်ပါကြောင်း၊ ဘဏ္ဍာနှစ်အကုန်တွင် လုပ်ငန်း မပြီးဆုံး၍ ရန်ပုံငွေ ပြန်လည်အပ်နှံခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် ရန်ပုံငွေလွှဲပြောင်း သုံးစွဲခြင်းတို့ကို လျော့ချပြီး ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။
တည်ဆောက်ရေး လုပ်ငန်းများ၏ အသုံးစရိတ်များ လျာထားရာတွင် အရေအတွက်ကို ဦးစီးမပေးဘဲ အရည်အသွေး ပြည့်မီရေးကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်က ချထားပေးသည့် ဘတ်ဂျက်နှင့် အရည်အသွေးကောင်းမွန်သော Infrastructure များ ဖြစ်ပေါ်လာစေရန် လိုအပ်ပါကြောင်း၊
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စံသတ်မှတ်ချက် ဖြစ်သော အများလက်ခံကျင့်သုံးပြီး ကောင်းမွန်သော လက်တွေ့ကျင့်သုံးမှု စနစ်အရ တည်ဆောက်ရေးလုပ်ငန်းများ ကို အင်ဂျင်နီယာပညာရှင်များ ကိုယ်တိုင် လုပ်ငန်းဆောင်ရွက်မည့်နေရာသို့ ကွင်းဆင်းစိစစ်ပြီး လိုအပ်ချက်နှင့်အညီ ခန့်မှန်းခြေစာရင်း ရေးဆွဲရန်၊ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီသို့ အတည်ပြုချက်ရယူရန်၊ အတည်ပြုခန့်မှန်းခြေ စာရင်းအရ လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ကြီးကြပ်ရန် ဖြစ်ပါကြောင်း။
ယခုအခါ စီမံကိန်းတန်ဖိုး အတည်ပြုပြီးမှ ပြောင်းလဲရန် လိုအပ်လာပါက စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက် (၄၅/၂၀၂၀)နှင့်အညီ အဆင့်ဆင့် စိစစ်ထောက်ခံချက်များ လိုအပ်ပါကြောင်း၊ စီမံကိန်းတန်ဖိုး ခန့်မှန်းခြေစာရင်း တွက်ချက်ခြင်းကို ဆောင်ရွက်ရာ၌ လုပ်ငန်းများ ကျန်ရှိမှု မရှိစေရန်နှင့် အတိုင်းအတာပမာဏ၊ လိုအပ်သည့် အရည်အသွေးနှင့် စံချိန်စံညွှန်းများ ကို ကြိုတင်သတ်မှတ် အတည်ပြုထားရန် လိုအပ်ပါကြောင်း။
ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ အနေဖြင့် နိုင်ငံတော် ဘဏ္ဍာငွေဖြင့် လျာထားမည့် တည်ဆောက်ရေးလုပ်ငန်းများကို အရည်အသွေး ပြည့်မီသော တည်ဆောက်ရေးလုပ်ငန်းများဖြစ်ရန် အရေအတွက်ကို ဦးစားမပေးဘဲ အရည်အသွေး ကိုဦးစားပေး ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်ဘဏ္ဍာ အလေအလွင့်အနည်းဆုံးဖြစ်ရန်နှင့် အသုံးစရိတ်များကိုလည်း ဟန်ချက်ညီညီ ဆောင်ရွက်သွားကြစေလိုကြောင်း၊ လတ်တလော အခြေအနေအရ တည်ဆောက်ရေး လုပ်ငန်းခွင်သုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်နေမှုကြောင့် လာမည့် ဘဏ္ဍာရေးနှစ် အတွက် တည်ဆောက်ရေးလုပ်ငန်းများကို အသုံးစရိတ်များ လျာထားရာတွင် တွေ့ကြုံနိုင်သော အခက်အခဲ များကို ဆွေးနွေးအကြံပြုတင်ပြကြစေလိုကြောင်း ပြောကြားပါသည်။
ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် ဆက်စပ်မှုရှိသည့် လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး (၂)ခုကို ပူးတွဲကျင်းပသည့် သဘောဖြစ်သည့်အတွက် သင့်လျော်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လ ပြီးဆုံးပြီး ဖြစ်ကြောင်း၊ ပထမ(၆)လ အဖြေကို ကြည့်ပါက ယခင်နှစ်ထက်စာလျှင် ဆောက်လုပ်ရေး အသုံးစရိတ်များ လျော့နည်းနေတာကို တွေ့ရကြောင်း၊ ငွေလုံးငွေရင်းတွင် လျော့နည်းသုံးစွဲတာကို တွေ့ရကြောင်း၊ လုပ်ငန်းများ အခုအချိန်မှ စတင် ဆောင်ရွက်နေသည့်အတွက် မဖြစ်သင့်တော့ကြောင်း၊ မဖြစ်နိုင်သည့် လုပ်ငန်းတစ်ချို့ကို ပြန်လည်အပ်နှံပြီး နောင်လာမည့်နှစ်တွင် ပြန်လည်ထည့်သွင်းနိုင်မည့် အခွင့်အရေးရှိကြောင်း၊ လုပ်ငန်းများ ချိန်ဆနိုင်ရန် အသေးစိတ် ပြန်လည်စိစစ်ကြည့်ဖို့ လိုပါကြောင်း၊ ဘဏ္ဍာရေးနှစ် ကျော်လွန်သုံးစွဲမှု မှာမူ ဘဏ္ဍာရေးစည်းမျဉ်း အရသာ စိစစ်ခွင့်ပြုပေးခဲ့ပါကြောင်း။
ယခုနှစ် COVID-19 ကြောင့် ဘဏ်များ၏ ငွေကြေးထုတ်ပေးနိုင်မှု အခက်အခဲများ၊ ငွေကြေးလည်ပတ်မှု အခက်အခဲများ ရှိပါကြောင်း ၊ မည်သို့ပင်ဖြစ်စေကာမူ သက်ဆိုင်ရာဌာနများ မှ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ဘဏ္ဍာရေး စည်းမျဉ်း၊ ဘတ်ဂျက်ဥပဒေ၊ စီမံကိန်းဥပဒေဘောင်အတွင်းမှ လုပ်ဆောင် နေပါကြောင်း၊ ပြည်ထောင်စုအဆင့် ဌာနအဖွဲ့အစည်းများ၏ ဘဏ္ဍာငွေ ရသုံးခန့်မှန်းခြေ ငွေစာရင်းများ ရေးဆွဲတင်ပြရာတွင် (၁၁-၅-၂၀၂၁)ရက်နေ့ အမှာစာဖြင့် ငွေလုံးငွေရင်းနှင့် ပတ်သက်၍ လိုက်နာရန် အချက်များကို ညွှန်ကြားထားပါကြောင်း။
စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဘဏ္ဍာရေးဆိုင်ရာ ညွှန်ကြားချက်များကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများအနေဖြင့် လိုက်နာရန် လိုအပ်ပါကြောင်း၊ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရန် တည်ဆောက်ရေး၊ ဝယ်ယူရေး၊ အခြားလုပ်ငန်းများအတွက် စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေကို နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးပြုနိုင်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းစီမံကိန်းအသစ်များ ဆောင်ရွက် ရန်တင်ပြရာတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပြုပြီး နိုင်ငံတော်က ဦးစားပေးမူဝါဒနှင့် ကိုက်ညီသည့် စီမံကိန်းမျိုး ဖြစ်ဖို့လိုပါကြောင်း စသည်ဖြင့် အသေးစိတ် ဆွေးနွေးပြောကြားပါသည်။
၎င်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်က ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ တင်ဒါစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တို့နှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးပြောကြားပါသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း)နှင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး နှင့် ကော်မတီအဖွဲ့ဝင်တို့ က မိမိတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ကဏ္ဍအလိုက် အသီးသီး အကြံပြုဆွေးနွေး တင်ပြမှုတို့အပေါ် ဒုတိယဝန်ကြီးများက အကြံပြု ဖြည့်စွက် ဆွေးနွေးပြီး ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း)နှင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ က လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။