ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရန်နှင့် မူဝါဒ ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မူဝါဒပိုင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်  ဆောက်လုပ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် နေပြည်တော်မှ ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ တက်ရောက်ကြပြီး  တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးများသည် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက် ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ယခုအခါ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ဌာန၏ ရည်မှန်းချက် တာဝန်များကို နိုင်ငံတော်အစိုးရ၏ လက်ရှိလမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်း များ အရှိန်အဟုန်မပြတ် အောင်မြင်အောင် ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်သည့် အမိန့်နှင့်ညွှန်ကြားချက်များကို ဝန်ထမ်းများအားလုံး လိုက်နာရန် လိုအပ်ပါ ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိဆောင်ရွက်ဆဲ လမ်း / တံတား တည်ဆောက် ရေးလုပ်ငန်းများ၊ ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများကို မူဝါဒများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း။

လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ စာရင်းစစ်ဆေးသည့် အပိုင်းများတွင်လည်း ဌာနအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများနှင့်အညီ  အပြည့်အဝ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

ဦးစီးဌာနများ ၊ တိုင်းဒေသကြီး / ပြည်နယ်များမှ တာဝန်ခံ ညွှန်ကြားရေးမှူးများ အနေဖြင့် လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်သွားကြရန် လိုပါကြောင်း၊ နိုင်ငံတော် အဆင့် လုပ်ငန်းစီမံကိန်းကြီးများ ၊ နိုင်ငံတကာနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း ကြီးများနှင့်ပတ်သက်ပြီး အခက်အခဲများရှိပါက အချိန်နှင့်တပြေးညီတင်ပြပြီး နှောင့်နှေးမှု မရှိအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံဖြိုးရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်တို့က မိမိတို့ ဦးစီးဌာနအလိုက်လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးများက မိမိတို့တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဆောင်ရွက်နေသည့် လုပ်ငန်းစီမံချက် များ၊ စီမံကိန်းများနှင့် ဆက်လက် ဆောင်ရွက်မည့်  လုပ်ငန်းအစီအမံများကို    ရှင်းလင်းတင်ပြကြပြီး   တက်ရောက်လာသူများက လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေ အနေတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒများအတိုင်း လုပ်ငန်းများကို ရပ်တန့်ခြင်းမရှိဘဲ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန်၊ မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆုံးဖြတ်ပေးရန်များရှိပါက အချိန်နှင့် တပြေးညီတင်ပြရန်နှင့် လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။