ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန ၊ တည်ဆောက်ရေးအဖွဲ့(၄) က တာဝန်ယူ တည်ဆောက် မည့် ကမြောကင်းတံတားတည်ဆောက်ရေးစီမံကိန်း၏ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်း နှင့်ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပခြင်း

           ပြည်သူများသွားလာရေး လွယ်ကူအဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ တံတားဦးစီးဌာန ၊ တည်ဆောက်ရေး အဖွဲ့(၄)က တာဝန်ယူတည်ဆောက်မည့် ကမြောကင်းတံတားသစ်ပန္နက်တင် မင်္ဂလာအခမ်းအနား ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက်နေ့  နံနက် (၀၇:၀၂) နာရီအချိန်တွင် တနင်္သာရီတိုင်း ဒေသကြီး ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့ ၊ ထားဝယ်ဘက်ကမ်း တံတားတည်ဆောက်ရေး စီမံကိန်း ဧရိယာ အတွင်း၌ COVID-19  ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပါသည်။

အဆိုပါအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ၊ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များ ၊ ဌာန ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

           ရှေးဦးစွာ ဆရာတော် သံဃာတော်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူပြီး ဆရာတော် သံဃာတော်များအား ပြည်ထောင်စုဝန်ကြီး ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက လှူဘွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြပါသည်။

           ထို့နောက် ကမြောကင်းတံတားသစ်အား ပန္နက်တင်ရန် မင်္ဂလာအချိန်တွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးကြီး ကျော်ဇေယျ ၊ ရဲမှူးကြီး ခင်ကျော် ၊ ဦးယဉ်ထွေး ၊ အတွင်းရေးမှူး  ဦးခင်မောင်ကျော် နှင့် မြို့မိမြို့ဖ  ဦးအောင်ဝင်းတို့က  သတ်မှတ် နေရာများတွင် ပန္နက်တင်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပါသည်။

           ၎င်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး နှင့် တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်တို့က ကမြောကင်း တံတားသစ် ပန္နက်တော်အား မင်္ဂလာအချိန်တွင်  Vibro Hammer ဖြင့် စက်ခလုတ်နှိပ် ရိုက်သွင်းပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ပန္နက်တင်မင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပါသည်။

           ယနေ့ပန္နက်တင်ပေးသည့် ကမြောကင်းတံတားသည်  တနင်္သာရီတိုင်းဒေသကြီး ၊ ထားဝယ် ခရိုင် ၊ ထားဝယ် – ကမြောကင်း – မောင်းမကန်လမ်းပေါ်တွင် တည်ရှိပြီး  အရှေ့ဘက်ကမ်းမှာ ထားဝယ်မြို့ဖြစ်ပြီး ၊ အနောက်ဘက်ကမ်းမှာ  လောင်းလုံမြို့နယ်ဖြစ်ပါသည်။ တံတားအမျိုးအစား မှာ အပေါ်ထည် R.C Girder , P.C Girder , Steel  Arch Truss နှင့် R.C  Decking  Slab  ဖြစ်ပြီး ၊ တံတားတိုင်ကိုယ်ထည်  R.C Concrete နှင့် အုတ်မြစ်ကို 1.2mØ  နှင့် 1.5 mØ Bored Pile  တို့ဖြင့် တည်ဆောက်ထားကာ စုစုပေါင်းတံတားအရှည် (၁၀၅၀)ပေ ၊ ယာဉ်သွားလမ်းအကျယ် (၂၄)ပေ ၊ လူသွားလမ်းတစ်ဖက်လျှင် (၅)ပေစီပါရှိပြီး တံတားအောက်ရေလမ်းကင်းလွတ်အကျယ် (၁၆၄)ပေ ၊ အမြင့် (၁၆)ပေနှင့် တံတားခံနိုင်ဝန်မှာ  AASHTOHS 25 ဖြစ်ပါသည်။

           ထားဝယ်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသော ယခင် တံတားဟောင်းသည် ၁၉၇၅ ခုနှစ်မှစ၍ အသုံးပြုခဲ့ပြီး သက်တမ်းကြာမြင့်လာသည်နှင့်အမျှ ကြံ့ခိုင်မှုအားနည်းပြီး ယာဉ်ကြော ပိတ်ဆို့မှုများလာသည့်အတွက် ယခုတံတားသစ်တစ်စင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ တံတား ဦးစီးဌာန ၊ တည်ဆောက်ရေးအဖွဲ့(၄)မှ တာဝန်ယူတည်ဆောက်မည်ဖြစ်ပြီး တံတားကြီးပြီးစီး သွားပါက ဒေသခံပြည်သူများအပြင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူ အဆင်ပြေမည်ဖြစ်ကြောင်း သိရှိရပါသည်။