ကျေးလက်လမ်းများဖွံ့ဖြိုးရေး မဟာဗျူဟာရည်မှန်းချက်များ အစည်းအဝေ

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး မဟာဗျူဟာ ရည်မှန်းချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ လေးလပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၀-၅-၂၀၂၁)ရက်နေ့တွင် နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမဆောင်၌ COVID – 19 ညွှန်ကြားချက်များနှင့်အညီ ကျင်းပပါသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ဒုတိယဝန်ကြီး ဦးမင်းထိန်၊ အမြဲတမ်းအတွင်းဝန်၊ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များနှင့် ညွှန်ကြားရေးမှူး တို့သည် နေပြည်တော်မှ တက်ရောက်ကြပြီး တိုင်းဒေသကြီး ၊ ပြည်နယ် ညွှန်ကြားရေးမှူး(မြို့ပြ)များသည် Video Conferencing ဖြင့် ချိတ်ဆက်၍ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးမှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သီးခြားခေါ်ယူ ကျင်းပသည့် အဓိကရည်ရွယ်ချက်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး ၊ ပြည်နယ် အသီးသီးတွင် ဆောင်ရွက်နေသည့် လမ်းတံတား လုပ်ငန်းများ တိုးတက်မှုအခြေအနေကို သိရှိရန်နှင့် အလေးထား ဆောင်ရွက်ရန် ခေါ်ယူကျင်းပခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံ့လူဦးရေ၏ (၇၀%)သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည့်အတွက် ကျေးလက်လမ်းတံတားများ ကောင်းမွန်ရန် လိုပါကြောင်း၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ကျေးလက်ဒေသများတွင်ရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ အင်နှင့်အားနှင့် ဆောင်ရွက်မှသာ နိုင်ငံ၏ စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း ၊ သို့ပါ၍ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ အရေးပါမှုသည် အများအပြား ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ဖြစ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်း အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန် ၊ လတ်တလော ဖြစ်ပွားနေသည့် COVID – 19 ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားရန်၊ COVID–19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံး ကုစားသွားရန်၊ ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်ရန် ၊ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံ့တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားရန်တို့ကို ယနေ့ အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ညွှန်ကြားရေးမှူးများအား မိမိအနေဖြင့် ရှင်းလင်းပြောကြားခြင်း ဖြစ်ပါကြောင်း၊ မြို့နယ်အလိုက် မဲဆန္ဒရှင်စာရင်းများ စိစစ်နေခြင်းကို နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် သတင်းစာများ၌ နေ့စဉ် ဖော်ပြလျက်ရှိပါကြောင်း ၊ မဲစာရင်းကောက်ယူရာ၌ ဥပဒေနှင့် ညီညွတ်မှု မရှိသော မှားယွင်းမှုများကို တွေ့ရှိနေရပါကြောင်း၊ မဲများဖွင့်ဖောက်စစ်ဆေးရာ၌ မဲပို/ လျော့နည်း/ ပျောက်ဆုံးမှု များ တွေ့ရှိနေရပါကြောင်း ၊ ဥပဒေ နည်းဥပဒေပါ သတ်မှတ်ပြဌာန်းချက်အတိုင်း လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ မိမိ ဝန်ထမ်းများအနေဖြင့် လေ့လာမှတ်သား လိုက်နာရန်လိုအပ်ပါကြောင်း၊ COVID – 19 ကပ်ရောဂါနှင့် အထွေထွေပြောင်းလဲမှုတို့ကြောင့် တစ်နေရာမှ တစ်နေရာသို့ သွားလာရန် ကန့်သတ်မှု၊ ကုန်ပစ္စည်းဈေးနှုန်းများ အတက်အကျ အပြောင်းအလဲဖြစ်မှု၊ တင်ဒါ ခေါ်ယူမှုတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးမှုများနှင့် လက်ရှိဖြစ်ပေါ် ပြောင်းလဲလာသည့် အခြေအနေများကြောင့် ငွေကြေးစီးဆင်းမှုများအပေါ် သတ်မှတ်ချက်များ ပြောင်းလဲမှုတို့ကြောင့် ယခုနှစ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ နှစ်လွန် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ၂၀၂၁ – ၂၀၂၂ ဘဏ္ဍာနှစ် အတွက် လုပ်ငန်းလျာထားချက်များကို ယနေ့ အစည်းအဝေးတွင် တင်ပြရန် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း (၅၂၃၂၉)ရွာတည်ရှိပြီး ကျေးလက်လမ်း မိုင်အရှည် စုစုပေါင်း (၅၆၀၀၀)ကျော် ရှိပါကြောင်း၊ အဆိုပါ လမ်းများ အသုံးပြုနိုင်မှုမှာ ရာသီမရွေး အသုံးပြုနိုင်သည့် လမ်းမိုင်မှာ (၁၂၈၀၀)ကျော် (၂၃%) ၊ ခြောက်သွေ့ရာသီ၌ အသုံးပြုနိုင်သော လမ်းမိုင်မှာ (၄၃၀၀၀)ကျော် (၇၇%) ရှိပါကြောင်း၊ ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားသော ကျေးလက်လမ်းများဖွံ့ဖြိုးရေး ၂၀၃၀ ပြည့်နှစ် မဟာဗျူဟာရည်မှန်းချက်များနှင့်အညီ တစ်နိုင်ငံလုံး ၈၀ % အထိ အသုံးပြုနိုင်ရန် အစီအစဉ်များ ရေးဆွဲထားပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင်လည်း ဖြစ်နိုင်ခြေစွမ်းအား လေ့လာခြင်း၊ တစ်ချို့ တံတားကြီးများတွင် အောက်ခံမြေစမ်းသပ်ခြင်းနှင့် ဘဏ္ဍာရေးနှစ်မတိုင်မီ လုပ်ငန်းစဉ်များကို ပြီးစီးအောင် ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း ၊ လမ်း/တံတား တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး ကောင်းမွန်ရန် အဓိကထား ဆောင်ရွက်ရန် လိုပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် အင်ဂျင်နီယာပညာရပ်များကို စဉ်ဆက်မပြတ်စေရေး ဌာနတွင်းရှိ အင်ဂျင်နီယာများနှင့် ဝန်ထမ်းများမှ နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ Capacity Building များကို ဆောင်ရွက်ရာတွင် ကျေးလက်လမ်း/တံတားများ၏ သုတေသနလုပ်ငန်းများ ၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် အသိပညာ ဖြန့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက်စေမှာ ဖြစ်ပါကြောင်း၊ ကျေးလက်လမ်းတံတားများ ရေရှည်တည်တံ့ခိုင်မြဲပြီး ၊ ဆက်သွယ်သွားလာမှု လွယ်ကူ ချောမွေ့ လာသည်နှင့်အမျှ ကုန်ကျစရိတ် သက်သာပြီး ကျေးရွာရှိ ထုတ်ကုန်များ ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် နိုင်ငံ၏(G.D.P)ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါကြောင်း၊ ဌာနမှ တာဝန်ယူ တည်ဆောက်သော လုပ်ငန်းများသာမက လုပ်ငန်းတင်ဒါစနစ်ဖြင့် ဆောင်ရွက်သော ပုဂ္ဂလိက ကုမ္ပဏီများ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တင်ဒါစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုဘဝမြှင့်တင်နိုင်ရန် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သလို လမ်း/တံတား ပြင်ဆင်ထိန်းသိမ်းခြင်း၊ လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စေလိုပါကြောင်း၊ ယနေ့လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲမှ အပြန်အလှန် ညှိနှိုင်းဆွေးနွေးကာ ရလဒ် ကောင်းများ ရရှိပြီး လုပ်ငန်းများအရှိန်အဟုန်ဖြင့် အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါစေကြောင်းဖြင့် ပြောကြားပါသည်။
ယင်းနောက် တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေး(မြို့ပြ) များက ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို လည်းကောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ရန်ပုံငွေရရှိမှု အခြေအနေတို့ကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းထိန် က ဝန်ကြီးဌာန၏ ရှေ့ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများ၊ မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် တို့မှ လမ်းတံတား တိုးတက်မှု အခြေအနေ၊ လုပ်ငန်းများ သတ်မှတ်ချက်နှင့်အညီ အချိန်မီပြီးစီးရေးနှင့် ဘဏ္ဍာငွေကြေး အခြေအနေတို့နှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ လမ်းညွှန်မှာကြားပါသည်။