ကရင်/မွန် ပြည်နယ်ရှိ လမ်းတံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ (၂၁-၅-၂၀၂၁)ရက်နေ့တွင် နေပြည်တော်မှ ထွက်ခွာလာပြီး ဒိုက်ဦးလမ်းနှင့် ဒိုက်ဦး-စစ်တောင်းလမ်း အခြေအနေကိုလည်းကောင်း၊ ရွှေသံလွင်ကုမ္ပဏီမှ B.O.T စနစ် ဖြင့် ဆောင်ရွက်သော ဘုရားကြီး- ကျိုက်ထို- မော်လမြိုင်လမ်း (ဘုရားကြီး-ကျိုက်ထို လမ်းအပိုင်း) တို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား ရွှေသံလွင်ကုမ္ပဏီမှ တာဝန်ခံက B.O.T စနစ်ဖြင့် ဆောင်ရွက်သော ပဲခူး-ညောင်လေးပင်လမ်းပိုင်း၊ ဘုရားကြီး-ကျိုက်ထို လမ်းပိုင်း၊ ကျိုက်ထို- သထုံ- မော်လမြိုင်လမ်းပိုင်း၊ သထုံ-မြိုင်ကလေး လမ်းပိုင်းတို့အား ဘဏ္ဍာရေးနှစ်အလိုက် လမ်း၊ တံတား တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ စက်/ယာဉ်/ယန္တရားများနှင့် ဝန်ထမ်းအင်အား အခြေအနေ၊ လမ်းအသုံးပြုခ ကောက်ခံရေးဂိတ်များ ဖွင့်လှစ်ထားရှိမှု၊ ဘဏ္ဍာရေးနှစ်အလိုက် လေလံတံတားကြေးများ ပေးသွင်းမှု၊ နိုင်ငံတော်သို့ အခွန်နှင့်ကြီးကြပ်ငွေ ပေးသွင်းထားရှိမှု၊ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း ဓါတ်ပုံများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ လမ်းဦးစီးဌာနမှ နှင့် တံတားဦးစီးဌာန တို့က ဖြည့်စွက်ရှင်းလင်းတင်ပြကြပါသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဘုရားကြီး-ကျိုက်ထို လမ်းအပိုင်းမှာ တိုးတက်ကောင်းမွန် လာသည်ကို တွေ့ရှိရပါကြောင်း၊ ဆက်လက်ပြီး ထိန်းသိမ်းပေးစေလိုပါကြောင်း၊ ယခုလို လမ်း၊ တံတားများ တိုးတက်ကောင်းမွန်လာပါက ခရီးသွားပြည်သူများ အန္တရာယ် ကင်းစွာဖြင့် လိုရာခရီးကို အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည် ဖြစ်ပါကြောင်း၊ အဆိုပါ လမ်းပေါ်ရှိ တိုးချဲ့ တည်ဆောက်ရန် ကျန်ရှိသည့် သဲဖြူချောင်းတံတားကို ဆောင်ရွက်နိုင်ရန် တံတားဦးစီးဌာနမှ ဘဏ္ဍာရန်ပုံငွေ ရရှိမှုအပေါ်မူတည်ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ လမ်း/တံတားများ တိုးတက်ကောင်းမွန်ရန် စေတနာထား ဆောင်ရွက်ပေးရန်တို့ကို မှာကြားပြီး လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးကာ ညနေပိုင်း တွင် ဘားအံမြို့သို့ ရောက်ရှိပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ ဦးစောမြင့်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ (၂၂-၅-၂၀၂၁)ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ဂျိုင်း(ကော့ကရိတ်)တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပါ သည်။
တံတားတည်ဆောက်ရေး လုပ်ငန်းများတာဝန်ခံက တံတားတည်ဆောက်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ထားရှိမှု၊ အရည်အသွေးထိန်းသိမ်းရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ထားရှိမှု၊ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု အခြေအနေတို့နှင့် ပတ်သက်၍ တင်ပြရာ တံတားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ဖြည့်စွက်တင်ပြပါသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဂျိုင်း(ကော့ကရိတ်) တံတားသည် အရှေ့အနောက် စီးပွားရေး စင်္ကြန်လမ်းမကြီး အပိုင်းတွင် ပါရှိပြီး အရေးပါသော တံတားတစ်စင်း ဖြစ်ပါကြောင်း၊ မိုးမကျမီ တံတားချဉ်းကပ်လမ်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တံတားလုပ်ငန်းများ လက်ရာသေသပ်ကောင်းမွန်သည်ကို တွေ့ရှိရပါကြောင်း၊ တံတားတိုင်လုပ်ငန်းများ ဆောင်ရွက်၍ ရနိုင်သမျှ ဆက်လက်ဆောင်ရွက်ရန် လိုပါကြောင်းနှင့် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ က ဒေသတွင်း သယ်ယူပို့ဆောင်ရေး ၊ လုံခြုံရေး ၊ တည်ဆောက်ရေး၊ လုပ်ငန်းများအဆင်ပြေစွာဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မှာကြားပါသည်။
ထို့နောက် တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း တံတားတိုင်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ တံတားချဉ်းကပ်လမ်းများ ဆောင်ရွက်နေမှု၊ Precast လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိန္ဒု-ဘားအံ လမ်းအပိုင်း ကတ္တရာကွန်ကရစ် လမ်းအပိုင်း (AC)ခင်းနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ကတ္တရာကွန်ကရစ် (AC)ခင်းရာတွင် သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန အောက်ရှိ မိုးမြင့်ပိုင် ကုမ္ပဏီ မှ လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား ရောက်ရှိစစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး ပြည့်မီရေး၊ လက်ရာသေသပ် ကောင်းမွန်ရေးနှင့် တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ အလေးထားလိုက်နာ ဆောင်ရွက်ရန် မှာကြားပြီး အဆောက်အဦ လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘားအံ-အဖြောင့်-ဇာသပြင် လမ်းအခြေအနေ တို့ကိုလည်းကောင်း၊ ကရင်ပြည်နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အဖြောင့်လမ်းဆုံ-နောင်ထလုံး-ထုံးအိုင်-မိန်းမလှကျွန်း-ဖအွံ-ဖဲကတာ (၁၄) မိုင် (၅)ဖာလုံနှင့် ခြံကလေး-တောင်သူကုန်း-ဖအွံလမ်း (၃)မိုင်(၄)ဖာလုံ ဆောင်ရွက်ထားရှိမှု အခြေအနေကို စစ်ဆေးစဉ် ကျေးလက်နေပြည်သူများ သွားလာရေးလွယ်ကူအဆင်ပြေရေးအတွက် ကျေးလက်လမ်း၊ တံတားကောင်းမွန်ရေး အလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင် မော်လမြိုင်မြို့မှ ထွက်ခွာ လာပြီး မော်လမြိုင်-သံဖြူဇရပ်-ကျိုက္ခမီလမ်း (သံဖြူဇရပ်-ကျိုက္ခမီ)အပိုင်း (၂)မိုင်(၃)ဖာလုံ မှ (၅)မိုင်(၃) ဖာလုံအထိ စက်၊ယန္တရားများဖြင့် ကတ္တရာကွန်ကရစ်လမ်း(AC)ခင်းနေမှုအခြေအနေတို့ကို ကြည့်ရှု စစ်ဆေးရာ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကြည်သွင်ဦးက ကတ္တရာကွန်ကရစ်လမ်းအား ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှု၊ သတ်မှတ်လမ်းဒီဇိုင်းအတိုင်းခင်းနေမှုတို့နှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့တွင် အဆောက်အဦ ဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက်နေသော မွန်ပြည်နယ်၊ တရားလွှတ်တော်ချုပ်ရုံး တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးမြင်သူ က ဘဏ္ဍာရေးနှစ်အလိုက် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း တင်ပြရာ အဆောက်အဦဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့် က ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ် အချိန်မီ ပြီးစီးရေး၊ လက်ရာသေသပ် ကောင်းမွန်ရေး၊ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေး အထူးအလေးထား ဆောင်ရွက်ရန် မှာကြားပြီး တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးပါသည်။
မွန်ပြည်နယ် တရားလွှတ်တော်ရုံးသည် ၂၄၀’ x ၂၄၀’ RC (၃)ထပ် အဆောက်အဦဖြစ်ပြီး စီမံကိန်း လုပ်ငန်းများကို (၁၄-၁၀-၂၀၁၇)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ရာ ယခုအခါ စီမံကိန်းလုပ်ငန်းများ (၇၅%) ပြီးစီးနေပြီးဖြစ်၍ သတ်မှတ်အချိန်မီ ပြီးစီးရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။