အငူမော်-မောင်တောလမ်း လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

    ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း သည် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ (၁-၃-၂၀၁၉)ရက် နေ့လယ်ပိုင်းတွင် Asia World Co.Ltd မှ UEHRD အစီအစဉ်ဖြင့် ကွန်ကရစ်လမ်း ဖောက်လုပ်နေသည့် အငူမော် - မောင်တော လမ်းအား ကြည့်ရှုစစ်ဆေးပါသည်။ ၄င်းနောက် မေယုတောင်ကျော်လမ်း ဖြစ်သည့် ကျောက်ပန္ဒူ - အင်းဒင် - စေတီပြင် လမ်းအား လမ်းအထူးအဖွဲ့(၁၇)က ဖောက်လုပ်ပြီးစီးမှု အခြေအနေ၊ အရှည်(၉၀)ပေနှင့် အရှည်(၁၀၀)ပေ သံကူကွန်ကရစ် တံတားများ တည်ဆောက်မှု အခြေအနေ၊ အကျယ်(၁၈)ပေ ကွန်ကရစ်လမ်းခင်းခြင်း အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပါသည်။ စေတီပြင်စခန်း လုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဒုတိယညွှန်ကြားရေးမှူး ဦးလှရွှေ က လမ်းဖောက်လုပ်ပြီးစီးမှုနှင့် ကွန်ကရစ်ခင်းမည့် အစီအစဉ်၊ ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးမောင်မော်ညွန့် က အဆိုပါလမ်းပေါ်ရှိ တံတား(၈)စင်း တည်ဆောက်မှု အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ ကျောက်ပန္ဒူ - အင်းဒင် - စေတီပြင် လမ်းသည် အရှည် (၁၀)မိုင် (၇)ဖာလုံ ရှိပြီး ကျောက်ခင်းခြင်း (၉)မိုင်၊ အကျယ်(၁၈)ပေ ကွန်ကရစ်လမ်း (၂)မိုင် (၄)ဖာလုံ၊ Box Culvert (၇)စင်း၊ တံတား(၂)စင်း ပြီးစီးနေပြီး တည်ဆောက်ရန်ကျန်သည့် တံတားများကို ယာယီဘေလီတံတားများဖြင့် မိုးတွင်းကာလ သွားလာနိုင်အောင် ဆောင်ရွက်မည် ဖြစ်ပါသည်။ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန က ဆောင်ရွက်သည့် ဘူးသီးတောင် - သပိတ်တောင် - ညောင်ချောင်း - စေတီပြင် - အငူမော် လမ်း ( ညောင်ချောင်း - စေတီပြင် အပိုင်း)အား ကြည့်ရှုစစ်ဆေးပြီး လမ်းအထူးအဖွဲ့(၁၇)က ဖောက်လုပ်နေသည့် ဥဒေါင်း - ညောင်ချောင်း လမ်းအား ကြည့်ရှုစစ်ဆေးပါသည်။