ပုဏ္ဏားကျွန်း-ရသေ့တောင်လမ်း ၊ ဆတ်ရိုးကျတံတား တို့အား ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ (၂-၃-၂၀၁၉)ရက်နေ့ ညနေပိုင်းတွင် ပုဏ္ဏားကျွန်း - ရသေ့တောင်လမ်း မိုင်တိုင် (၃/၀) မှ (၃/၁)ကြား အကျယ်(၁၈)ပေ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး မိုင်တိုင် (၆/၀)ရှိ ကွန်ကရစ်ဖျော်စက် (Batching Plant)သို့ ရောက်ရှိရာ စစ်တွေခရိုင် လက်ထောက်ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီး က ကွန်ကရစ်ဖျော်စပ်ရာတွင် သတ်မှတ် ကျောက်အရွယ်အစားများအတိုင်း အသုံးပြုပြီး Mix Design အတိုင်း အချိုးမှန်အောင် ဖျော်စပ်အသုံးပြုရန်နှင့် QC အဖွဲ့၏ ကြီးကြပ်မှုဖြင့် အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပါသည်။ ပုဏ္ဏားကျွန်း - ရသေ့တောင် လမ်းသည် (၂၂)မိုင် (၆)ဖာလုံရှိပြီး အမာခံလမ်း အမျိုးအစားဖြစ်ပါသည်။ ယခုဘဏ္ဍာနှစ်တွင် အကျယ်(၁၈)ပေ ကွန်ကရစ်လမ်းအဖြစ် (၆)မိုင် (၆)ဖာလုံ ဆောင်ရွက်ရန် လျာထားပါသည်။ အဆိုပါလမ်းသည် ရသေ့တောင် မှတဆင့် ဘူးသီးတောင် - မောင်တော မြို့များသို့ အဓိက ဆက်သွယ်မည့် လမ်းမကြီး ဖြစ်ပါသည်။ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် (၃-၃-၂၀၁၉)ရက်နေ့တွင် မကြာမီဖွင့်လှစ်တော့မည့် စစ်တွေမြို့၊ လမ်းမတော်ရပ်ကွက်နှင့် ဆတ်ရိုးကျကျေးရွာအား ဆက်သွယ်တည်ဆောက်နေသော ဆတ်ရိုးကျတံတား တည်ဆောက်ရေးစီမံကိန်းသို့ ရာက်ရှိပြီး စီမံကိန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနိုင်က တည်ဆောက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ဒုတိယဝန်ကြီး က တံတားခံနိုင်ဝန် စိစစ်ပြီးစီးပြီဖြစ်၍ ပြည်သူများ အသုံးပြုနိုင်ရေး ကြိုတင်ဖြတ်သန်းခွင့်ပြုရန် ပြောကြားပါသည်။ တံတားစီမံကိန်းသည် (၂၇-၁၂-၂၀၁၆)ရက်နေ့မှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ (၁၀၀%) ပြီးစီးနေပြီး တံတားအရှည်(၁၆၄၂)ပေနှင့် ယာဉ်သွားလမ်း အကျယ်(၂၄)ပေ၊ အပေါ်ထပ်သံမဏိသံပေါင်နှင့် အောက်ထပ် သံကူကွန်ကရစ် တံတားအမျိုးအစား ဖြစ်ပါသည်။

နေ့စဉ်သတင်းစာများရယူရန်

 

 

ဝန်ထမ်းဆိုင်ရာအသိပေးကြေငြာခြင်း