မြောင်းမြ တံတား ဖွင့်ပွဲ ကြိုတင်ပြင်ဆင်မှု အခြေအနေများအား ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး။ (၃၁-၃-၂၀၁၉)


လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ က တာဝန်ယူဆောင်ရွက်လျက်ရှိသော ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် (၈-၄-၂၀၁၉)ရက် တနင်္လာနေ့မှ စတင်၍ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအဖွဲ့ တို့ ပူးပေါင်းပြီး အမှတ်(၃)လမ်းဆုံတိုးလ်ဂိတ်၊ နေပြည်တော် စီလမ်းဆုံ တိုးလ်ဂိတ်၊ စကားအင်း တိုးလ်ဂိတ် တို့တွင် အမြန်လမ်း အသုံးပြုယာဉ်များ၏ ကြံ့ခိုင်မှုများအား ပူးပေါင်းစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့


ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) ဖွင့်ပွဲအခမ်းအနား ဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်မှု အခြေအနေများအား အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း က ကြည့်ရှုစစ်ဆေးမှု အပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း နှင့် တံတားဦးစီးဌာန မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။ (၁၈-၃-၂၀၁၉)


ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ADB ချေးငွေဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အိန္ဒု - ကော့ကရိတ် လမ်းပိုင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် မကြာမီတွင် ဖွင့်လှစ်တော့မည့် ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ (၁၇-၃-၂၀၁၉)


ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန က အကောင်အထည်ဖော် တည်ဆောက်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကျန်စစ်မင်း အိမ်ရာစီမံကိန်း ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၀)ရက်၊ နံနက်(၀၇:၄၅)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်း ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးလှအေး ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှင့် တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့် ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး ၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်း အမှုဆောင်အရာရှိ ဦးအောင်ကျော်ဦး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ ကျန်စစ်မင်း အိမ်ရာ နေထိုင်သူများ တက်ရောက်ကြပါသည်။ ကျန်စစ်မင်း အိမ်ရာစီမံကိန်း အပိုင်း(၁)ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး Master Plan အရ အဆောက်အဦ (၇၃)လုံး ၊ အခန်းပေါင်း (၂၃၇၂)ခန်း ပါဝင်ပါသည်။ တည်ဆောက်ပြီး အိမ်ရာများအနက် အဆောက်အဦ (၁၈)လုံး ၏ အခန်းပေါင်း (၃၀၇) ခန်း ကို အများပြည်သူသို့ ငွေလက်ငင်း ပေးချေသည့်စနစ်၊ ၃၀% Down Payment ပေးချေပြီး CHID ဘဏ်မှ ချေးငွေရယူသည့် စနစ်တို့ဖြင့် ရောင်းချပေးခဲ့ပြီး ဖြစ်ပါသည်။ ဆက်လက်၍လည်း တည်ဆောက်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့် အခန်းများကို အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ ရောင်းချပေးရန် စီစဉ်ဆောင်ရွက်လျှက် ရှိပါသည်။


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် သာယာဝတီခရိုင် အတွင်း ဆောင်ရွက်လျက်ရှိသည့် လမ်း၊ တံတား လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး။ ၁၀-၃-၂၀၁၉



သော်တာဝင်း ကုမ္ပဏီ က B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်နေသည့် ရန်ကုန် - မန္တလေး လမ်း (မိတ္ထီလာ - မန္တလေး အပိုင်း) သပြေဝ တိုးလ်ဂိတ်သို့ (၃-၃-၂၀၁၉)ရက် (၁၄း၃၄)အချိန် ၊ ယာဉ်အမှတ် 3Q/**** အိမ်စီးကား သည် မန္တလေး မှ ရန်ကုန် ဘက်သို့ သွားသည့် Lane(4)တွင် ရောက်ရှိလာပြီး လမ်း/တံတားအသုံးပြုခ အဖြစ် လမ်းအသုံးပြုခ (၂၀၀)ကျပ်နှင့် စမုံ၊ ဒါန်းချောင်း တံတား(၂)စင်း အသုံးပြုခ (၂၀၀)ကျပ်၊ စုစုပေါင်းကျသင့်ငွေ (၄၀၀)ကျပ် ပေးဆောင်ခဲ့ပါသည်။
ယာဉ်ပေါ်ပါ အမည်မသိ အမျိုးသမီးမှ လမ်း/တံတားအသုံးပြုခ အဖြစ် (၂၀၀)ကျပ်တန် (၁)ရွက်၊ (၁၀၀)ကျပ်တန် (၁)ရွက်၊ (၅၀)ကျပ်တန် (၁)ရွက်နှင့် (၅)ကျပ်တန် (၁၀)ရွက်တို့အား ပေးဆောင်ရာတွင် တိုးလ်ဂိတ်ဝန်ထမ်း ဖြစ်သည့် ငွေကောက်တာဝန်ကျ မခင်သန့်ဇင် မှ “(၅)ကျပ်တန်များ မယူနိုင်ကြောင်း၊ အခြားနေရာတွင် သွားသုံးပါ” ဟု ပြောကြားခဲ့ရာ အချေအတင် အငြင်းပွားသည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါသည်။
တိုးလ်ဂိတ် တာဝန်ခံများက ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်ပေါ်စေရန် အရန် Lane ဖွင့်ပေးခဲ့ပြီး လမ်း/တံတား အသုံးပြုသူမှ ပေးသည့် ငွေအကြွေများကို လက်ခံ၍ ပြေစာဖြတ်ပိုင်းပေးရန် ဆောင်ရွက်ခဲ့ရာ (၁၄း၄၄)အချိန်တွင် အဆိုပါ မော်တော်ယာဉ်အား ဖြတ်သန်းစေခဲ့ပါသည်။
ဖြစ်စဉ်ကို စိစစ်ရာတွင် ငွေကောက်တာဝန်ကျ ဝန်ထမ်း၏ အမြင်မကျယ်မှု၊ ဖြေရှင်းပုံနည်းလမ်း မှားယွင်းမှု တို့ကြောင့် ကုမ္ပဏီအနေဖြင့် ဝန်ထမ်းစည်းကမ်းနှင့်အညီ အဆိုပါဝန်ထမ်းအား အလုပ်မှ ထုတ်ပယ်ပြီး အရေးယူဆောင်ရွက်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ နောင်တွင် အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် တိုးလ်ဂိတ်များတွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားစေခြင်း၊ ခရီးသွားပြည်သူများနှင့် ဆက်ဆံရာတွင် အဆင်ပြေချောမွေ့စေရေး တို့အတွက် တာဝန်ရှိသူ အဆင့်ဆင့်မှ စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန


      ဆောက်လုပ်ရေးဝန်ကြီးဌာနတွင်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) အား - ဌာနအလိုက် လာဘ်ပေးလာဘ်ယူမှု နှင့်သက်ဆိုင်သော အဂတိလိုက်စားမှု ပြဿနာများကို စိစစ်ဖော်ထုတ်ရန်၊ - တွေ့ရှိလာသော ပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းရန်၊ - အဂတိလိုက်စားမှု ဆက်လက်မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်ရန်၊ - အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး နှစ်တို/ရှည်စီမံချက် (Action Plan) ရေးဆွဲ အကောင်အထည်ဖော်ရန်၊ - အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment)ကို ဆောင်ရွက်ရန်၊ - အဂတိလိုက်စားမှုဆိုင်ရာ တိုင်ကြားလာမှုများနှင့် ပက်သက်၍ ဆောင်ရွက်မှု အခြေအနေအား သတင်းထုတ်ပြန်ရန်၊ - အဖွဲ့၏ လုပ်ငန်းတာဝန်များကို အောက်ခြေအထိ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ဦးစီးဌာနအလိုက် အထောက်အကူပြု အဖွဲ့ငယ်များ ထပ်မံဖွဲ့စည်းပေးရန်၊ - အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး နှင့်ပက်သက်၍ တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများသို့ အဖွဲ့ငယ်များ စေလွှတ်၍ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ သင်ကြားပို့ချခြင်း စသည်ဖြင့် အသိပညာပေး ဖြန့်ဝေဆောင်ရွက်ရန်၊ - ဝန်ကြီးဌာန၏ သင်တန်းကျောင်းနှင့် သင်တန်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးကို ဘာသာရပ်(၁)ခု ထည့်သွင်း၍ သင်ကြားပို့ချနိုင်ရေး ဆောင်ရွက်ရန်၊ - အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်း နှင့် သဘောသဘာဝချင်း တူညီသော အခြားအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ရန်၊ - အဖွဲ့၏ ဆောင်ရွက်ချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့ထံ လစဉ် အစီရင်ခံတင်ပြပြီး နိုင်ငံတော်သမ္မတရုံးသို့ အစီရင်ခံစာ ပေးပို့တင်ပြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သို့ မိတ္တူ ပေးရန်၊ - ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့မှ တာဝန်ပေးအပ်သည့် အခြားတာဝန်များကို ဆောင်ရွက်ရန်။ တို့အတွက် အမိန့်ကြော်ငြာစာအမှတ် ၅၅/၂၀၁၉ ၊ ၂၈-၂-၂၀၁၉ ရက်စွဲဖြင့် အရာထမ်း(၉)ဦး၊ အမှုထမ်း(၅)ဦး ပါဝင် ဖွဲ့စည်းလိုက်သည်။


Page 7 of 30