ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် သာယာဝတီခရိုင် အတွင်း ဆောင်ရွက်လျက်ရှိသည့် လမ်း၊ တံတား လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး။ ၁၀-၃-၂၀၁၉



သော်တာဝင်း ကုမ္ပဏီ က B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်နေသည့် ရန်ကုန် - မန္တလေး လမ်း (မိတ္ထီလာ - မန္တလေး အပိုင်း) သပြေဝ တိုးလ်ဂိတ်သို့ (၃-၃-၂၀၁၉)ရက် (၁၄း၃၄)အချိန် ၊ ယာဉ်အမှတ် 3Q/**** အိမ်စီးကား သည် မန္တလေး မှ ရန်ကုန် ဘက်သို့ သွားသည့် Lane(4)တွင် ရောက်ရှိလာပြီး လမ်း/တံတားအသုံးပြုခ အဖြစ် လမ်းအသုံးပြုခ (၂၀၀)ကျပ်နှင့် စမုံ၊ ဒါန်းချောင်း တံတား(၂)စင်း အသုံးပြုခ (၂၀၀)ကျပ်၊ စုစုပေါင်းကျသင့်ငွေ (၄၀၀)ကျပ် ပေးဆောင်ခဲ့ပါသည်။
ယာဉ်ပေါ်ပါ အမည်မသိ အမျိုးသမီးမှ လမ်း/တံတားအသုံးပြုခ အဖြစ် (၂၀၀)ကျပ်တန် (၁)ရွက်၊ (၁၀၀)ကျပ်တန် (၁)ရွက်၊ (၅၀)ကျပ်တန် (၁)ရွက်နှင့် (၅)ကျပ်တန် (၁၀)ရွက်တို့အား ပေးဆောင်ရာတွင် တိုးလ်ဂိတ်ဝန်ထမ်း ဖြစ်သည့် ငွေကောက်တာဝန်ကျ မခင်သန့်ဇင် မှ “(၅)ကျပ်တန်များ မယူနိုင်ကြောင်း၊ အခြားနေရာတွင် သွားသုံးပါ” ဟု ပြောကြားခဲ့ရာ အချေအတင် အငြင်းပွားသည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ပါသည်။
တိုးလ်ဂိတ် တာဝန်ခံများက ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်ပေါ်စေရန် အရန် Lane ဖွင့်ပေးခဲ့ပြီး လမ်း/တံတား အသုံးပြုသူမှ ပေးသည့် ငွေအကြွေများကို လက်ခံ၍ ပြေစာဖြတ်ပိုင်းပေးရန် ဆောင်ရွက်ခဲ့ရာ (၁၄း၄၄)အချိန်တွင် အဆိုပါ မော်တော်ယာဉ်အား ဖြတ်သန်းစေခဲ့ပါသည်။
ဖြစ်စဉ်ကို စိစစ်ရာတွင် ငွေကောက်တာဝန်ကျ ဝန်ထမ်း၏ အမြင်မကျယ်မှု၊ ဖြေရှင်းပုံနည်းလမ်း မှားယွင်းမှု တို့ကြောင့် ကုမ္ပဏီအနေဖြင့် ဝန်ထမ်းစည်းကမ်းနှင့်အညီ အဆိုပါဝန်ထမ်းအား အလုပ်မှ ထုတ်ပယ်ပြီး အရေးယူဆောင်ရွက်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ နောင်တွင် အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် တိုးလ်ဂိတ်များတွင် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား မွမ်းမံသင်တန်းများ ဖွင့်လှစ်သင်ကြားစေခြင်း၊ ခရီးသွားပြည်သူများနှင့် ဆက်ဆံရာတွင် အဆင်ပြေချောမွေ့စေရေး တို့အတွက် တာဝန်ရှိသူ အဆင့်ဆင့်မှ စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန


      ဆောက်လုပ်ရေးဝန်ကြီးဌာနတွင်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) အား - ဌာနအလိုက် လာဘ်ပေးလာဘ်ယူမှု နှင့်သက်ဆိုင်သော အဂတိလိုက်စားမှု ပြဿနာများကို စိစစ်ဖော်ထုတ်ရန်၊ - တွေ့ရှိလာသော ပြဿနာများကို ဥပဒေနှင့်အညီ ဖြေရှင်းရန်၊ - အဂတိလိုက်စားမှု ဆက်လက်မဖြစ်ပေါ်စေရေးအတွက် တားမြစ်ထိန်းချုပ်ရန်၊ - အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး နှစ်တို/ရှည်စီမံချက် (Action Plan) ရေးဆွဲ အကောင်အထည်ဖော်ရန်၊ - အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment)ကို ဆောင်ရွက်ရန်၊ - အဂတိလိုက်စားမှုဆိုင်ရာ တိုင်ကြားလာမှုများနှင့် ပက်သက်၍ ဆောင်ရွက်မှု အခြေအနေအား သတင်းထုတ်ပြန်ရန်၊ - အဖွဲ့၏ လုပ်ငန်းတာဝန်များကို အောက်ခြေအထိ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ဦးစီးဌာနအလိုက် အထောက်အကူပြု အဖွဲ့ငယ်များ ထပ်မံဖွဲ့စည်းပေးရန်၊ - အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး နှင့်ပက်သက်၍ တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများသို့ အဖွဲ့ငယ်များ စေလွှတ်၍ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ သင်ကြားပို့ချခြင်း စသည်ဖြင့် အသိပညာပေး ဖြန့်ဝေဆောင်ရွက်ရန်၊ - ဝန်ကြီးဌာန၏ သင်တန်းကျောင်းနှင့် သင်တန်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးကို ဘာသာရပ်(၁)ခု ထည့်သွင်း၍ သင်ကြားပို့ချနိုင်ရေး ဆောင်ရွက်ရန်၊ - အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးလုပ်ငန်း နှင့် သဘောသဘာဝချင်း တူညီသော အခြားအဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်ရန်၊ - အဖွဲ့၏ ဆောင်ရွက်ချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့ထံ လစဉ် အစီရင်ခံတင်ပြပြီး နိုင်ငံတော်သမ္မတရုံးသို့ အစီရင်ခံစာ ပေးပို့တင်ပြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သို့ မိတ္တူ ပေးရန်၊ - ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့မှ တာဝန်ပေးအပ်သည့် အခြားတာဝန်များကို ဆောင်ရွက်ရန်။ တို့အတွက် အမိန့်ကြော်ငြာစာအမှတ် ၅၅/၂၀၁၉ ၊ ၂၈-၂-၂၀၁၉ ရက်စွဲဖြင့် အရာထမ်း(၉)ဦး၊ အမှုထမ်း(၅)ဦး ပါဝင် ဖွဲ့စည်းလိုက်သည်။


ဆောက်လုပ်ရေးဝန်ကြီးဌာန သည် JICA ၏ အကူအညီဖြင့် လမ်း၊ တံတားဆိုင်ရာ နည်းပညာစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၆-၂၀၁၉)မှ ကျွမ်းကျင်ပညာရှင်များနှင့် ဝန်ကြီးဌာန အင်ဂျင်နီယာများ ပူးပေါင်း၍ ရေးသားပြုစုထားသည့် လမ်းညွှန်ချက်နှင့် လက်စွဲစာအုပ် (၆)မျိုးကို နေပြည်တော်၊ ရုံးအမှတ်(၁၁)၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဖုန်း - ၀၆၇ ၃၄၀၇၄၆၆ တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါသည် -

(၁) ဆောက်လုပ်ရေး စီမံခန့်ခွဲမှုဆိုင်ရာ လမ်းညွှန်ချက်
(၂) လမ်း၊ တံတား တည်ဆောက်မှု ဘေးအန္တရာယ်ကင်းရှင်းရေး လက်စွဲ
(၃) ကွန်ကရစ် အဆောက်အဦ အရည်အသွေး ထိန်းသိမ်းရေးလက်စွဲ
(၄) ကြိုတင်အားဖြည့် ကွန်ကရစ်ယက်မ အရည်အသွေး ထိန်းသိမ်းရေးလက်စွဲ
(၅) တံတားအုတ်မြစ်လုပ်ငန်း အရည်အသွေး ထိန်းသိမ်းရေးလက်စွဲ
(၆) သံမဏိတံတား အရည်အသွေး ထိန်းသိမ်းရေးလက်စွဲ

မှတ်ချက်။ ပြင်ပ အင်ဂျင်နီယာများနှင့် ပြင်ပ လုပ်ငန်းရှင်များ အနေဖြင့် သိရှိလေ့လာနိုင်ရန် ဆက်သွယ် ဝယ်ယူနိုင် ပါသည်။

     ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၃)၊ တံတားအထူးအဖွဲ့(၉)က တာဝန်ယူတည်ဆောက်မည့် ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း) ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားကို (၂-၃-၂၀၁၉)ရက် နံနက်(၀၈း၀၀)အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ သမိန်ဗရမ်းလမ်း ဘက်ကမ်းရှိ တံတားတည်ဆောက်မည့် စီမံကိန်းနေရာ၌ ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သူများ၊ ဒေသခံ ပြည်သူများ တက်ရောက်ကြပါသည်။ တံတားဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံးတွင် ပေ(၁၈၀)နှင့်အထက် တံတားကြီး အစင်း(၅၆၀)ကျော် တည်ဆောက်ထိန်းသိမ်းထားပြီး ပဲခူးတိုင်းဒေသကြီးအတွင်း တံတားကြီး (၄၃)စင်း တည်ဆောက်ပြီးစီးခဲ့ပြီး တည်ဆောက်ဆဲ တံတားကြီး (၁၁)စင်း ရှိပါသည်။ ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)သည် ပဲခူးမြို့ရှောင်လမ်း တစ်လမ်းဖြစ်သော စိန်သာလျောင်းလမ်းနှင့် သမိန်ဗရမ်းလမ်းပေါ်တွင် တည်ရှိပြီး တံတားအရှည်(၁၅၈)မီတာ (၂)လမ်းသွား သံကူကွန်ကရစ် တံတားအမျိုးအစား ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက ရန်ကုန် - မန္တလေး လမ်းဟောင်းမှတဆင့် ပဲခူးမြို့ရှောင်လမ်းနှင့် ဆက်စပ်သည့်ဒေသများကို အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်မှာ ဖြစ်သဖြင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများ တိုးတက်လာကာ ဒေသဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ပါသည်။


    ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း သည် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ (၁-၃-၂၀၁၉)ရက် နေ့လယ်ပိုင်းတွင် Asia World Co.Ltd မှ UEHRD အစီအစဉ်ဖြင့် ကွန်ကရစ်လမ်း ဖောက်လုပ်နေသည့် အငူမော် - မောင်တော လမ်းအား ကြည့်ရှုစစ်ဆေးပါသည်။ ၄င်းနောက် မေယုတောင်ကျော်လမ်း ဖြစ်သည့် ကျောက်ပန္ဒူ - အင်းဒင် - စေတီပြင် လမ်းအား လမ်းအထူးအဖွဲ့(၁၇)က ဖောက်လုပ်ပြီးစီးမှု အခြေအနေ၊ အရှည်(၉၀)ပေနှင့် အရှည်(၁၀၀)ပေ သံကူကွန်ကရစ် တံတားများ တည်ဆောက်မှု အခြေအနေ၊ အကျယ်(၁၈)ပေ ကွန်ကရစ်လမ်းခင်းခြင်း အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် စံချိန်စံညွှန်းအတိုင်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပါသည်။ စေတီပြင်စခန်း လုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ဒုတိယညွှန်ကြားရေးမှူး ဦးလှရွှေ က လမ်းဖောက်လုပ်ပြီးစီးမှုနှင့် ကွန်ကရစ်ခင်းမည့် အစီအစဉ်၊ ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တံတားဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးမောင်မော်ညွန့် က အဆိုပါလမ်းပေါ်ရှိ တံတား(၈)စင်း တည်ဆောက်မှု အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ ကျောက်ပန္ဒူ - အင်းဒင် - စေတီပြင် လမ်းသည် အရှည် (၁၀)မိုင် (၇)ဖာလုံ ရှိပြီး ကျောက်ခင်းခြင်း (၉)မိုင်၊ အကျယ်(၁၈)ပေ ကွန်ကရစ်လမ်း (၂)မိုင် (၄)ဖာလုံ၊ Box Culvert (၇)စင်း၊ တံတား(၂)စင်း ပြီးစီးနေပြီး တည်ဆောက်ရန်ကျန်သည့် တံတားများကို ယာယီဘေလီတံတားများဖြင့် မိုးတွင်းကာလ သွားလာနိုင်အောင် ဆောင်ရွက်မည် ဖြစ်ပါသည်။ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန က ဆောင်ရွက်သည့် ဘူးသီးတောင် - သပိတ်တောင် - ညောင်ချောင်း - စေတီပြင် - အငူမော် လမ်း ( ညောင်ချောင်း - စေတီပြင် အပိုင်း)အား ကြည့်ရှုစစ်ဆေးပြီး လမ်းအထူးအဖွဲ့(၁၇)က ဖောက်လုပ်နေသည့် ဥဒေါင်း - ညောင်ချောင်း လမ်းအား ကြည့်ရှုစစ်ဆေးပါသည်။


           ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ (၂-၃-၂၀၁၉)ရက်နေ့တွင် ပြန်လည်ဝင်ရောက်လာသူများ လက်ခံသည့် ကြားစခန်းအဖြစ် ဆောင်ရွက်မည့် မောင်တောဒေသရှိ လှဖိုးခေါင်စခန်း ယာယီအဆောက်အဦများ (၂၅-၂-၂၀၁၉)ရက်နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးပြီး အမိုးပျက်စီး အဆောက်အဦ(၂)လုံး၊ ဘေးအကာနှင့် တံခါးများ ပျက်စီးမှု (၁၃၄)လုံး၊ အိမ်သာပျက်စီး (၆၆)လုံး တို့အား ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားပါသည်။ ထို့နောက် ဆောက်လုပ်ထားသည့် Assemble Board House များ အခြေအနေနှင့် တရုတ်နိုင်ငံမှ လှူဒါန်းထားသည့် Assemble Board House အလုံး(၁၀၀၀) သိုလှောင်ထားရှိမှု၊ ဆောက်လုပ်မည့်နေရာ/ အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် UEHRD အစီအစဉ်ဖြင့် တည်ဆောက်နေသည့် အိမ်ရာများ၊ ဂျပန်နိုင်ငံမှ လှူဒါန်းဆောက်လုပ်သည့် အိမ်ရာ(၅၁)လုံး၏ ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။ ထို့နောက် လမ်းအထူးအဖွဲ့(၁၇)က တာဝန်ယူဆောင်ရွက်နေသော ကြိမ်ချောင်း - ဂုပ္ပိလမ်း (မေယုတောင်ကျော်လမ်း)အား ကြည့်ရှုစစ်ဆေးပြီး မောင်တော - ကျီးကန်းပြင်၊ ကြိမ်ချောင်း၊ ဗန္ဓုလ လမ်းအား လမ်းဦးစီးဌာန၊ မောင်တောခရိုင် က တာဝန်ယူ၍ အကျယ်(၁၈)ပေ ကွန်ကရစ်လမ်းခင်းခြင်း လပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များ လမ်းညွှန်မှာကြားပါသည်။


ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းသည် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ (၂-၃-၂၀၁၉)ရက်နေ့ ညနေပိုင်းတွင် ပုဏ္ဏားကျွန်း - ရသေ့တောင်လမ်း မိုင်တိုင် (၃/၀) မှ (၃/၁)ကြား အကျယ်(၁၈)ပေ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး မိုင်တိုင် (၆/၀)ရှိ ကွန်ကရစ်ဖျော်စက် (Batching Plant)သို့ ရောက်ရှိရာ စစ်တွေခရိုင် လက်ထောက်ညွှန်ကြားရေးမှူးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီး က ကွန်ကရစ်ဖျော်စပ်ရာတွင် သတ်မှတ် ကျောက်အရွယ်အစားများအတိုင်း အသုံးပြုပြီး Mix Design အတိုင်း အချိုးမှန်အောင် ဖျော်စပ်အသုံးပြုရန်နှင့် QC အဖွဲ့၏ ကြီးကြပ်မှုဖြင့် အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားပါသည်။ ပုဏ္ဏားကျွန်း - ရသေ့တောင် လမ်းသည် (၂၂)မိုင် (၆)ဖာလုံရှိပြီး အမာခံလမ်း အမျိုးအစားဖြစ်ပါသည်။ ယခုဘဏ္ဍာနှစ်တွင် အကျယ်(၁၈)ပေ ကွန်ကရစ်လမ်းအဖြစ် (၆)မိုင် (၆)ဖာလုံ ဆောင်ရွက်ရန် လျာထားပါသည်။ အဆိုပါလမ်းသည် ရသေ့တောင် မှတဆင့် ဘူးသီးတောင် - မောင်တော မြို့များသို့ အဓိက ဆက်သွယ်မည့် လမ်းမကြီး ဖြစ်ပါသည်။ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် (၃-၃-၂၀၁၉)ရက်နေ့တွင် မကြာမီဖွင့်လှစ်တော့မည့် စစ်တွေမြို့၊ လမ်းမတော်ရပ်ကွက်နှင့် ဆတ်ရိုးကျကျေးရွာအား ဆက်သွယ်တည်ဆောက်နေသော ဆတ်ရိုးကျတံတား တည်ဆောက်ရေးစီမံကိန်းသို့ ရာက်ရှိပြီး စီမံကိန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနိုင်က တည်ဆောက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ဒုတိယဝန်ကြီး က တံတားခံနိုင်ဝန် စိစစ်ပြီးစီးပြီဖြစ်၍ ပြည်သူများ အသုံးပြုနိုင်ရေး ကြိုတင်ဖြတ်သန်းခွင့်ပြုရန် ပြောကြားပါသည်။ တံတားစီမံကိန်းသည် (၂၇-၁၂-၂၀၁၆)ရက်နေ့မှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ (၁၀၀%) ပြီးစီးနေပြီး တံတားအရှည်(၁၆၄၂)ပေနှင့် ယာဉ်သွားလမ်း အကျယ်(၂၄)ပေ၊ အပေါ်ထပ်သံမဏိသံပေါင်နှင့် အောက်ထပ် သံကူကွန်ကရစ် တံတားအမျိုးအစား ဖြစ်ပါသည်။


ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မက်(စ်)ဟိုက်ဝေး ကုမ္ပဏီ လီမိတက်မှ B.O.T စနစ်ဖြင့် တာဝန်ယူဆောင်ရွက်နေသည့် ရန်ကုန် - ပြည်လမ်း (မှော်ဘီ-တိုက်ကြီး အပိုင်း) (၄၈)ပေ (၄)လမ်းသွား ကတ္တရာကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားကို (၁၀-၂-၂၀၁၈)ရက်နေ့ နံနက်(၀၈း၁၀)အချိန် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တာခွကျေးရွာအနီး မိုင်တိုင်အမှတ် (၄၃/၆)တွင် ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Max Myanmar Co.,Ltd မှ ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြပါသည်။ ရန်ကုန် - ပြည် - မကွေး လမ်းမကြီး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများအား မက်(စ်)ဟိုက်ဝေး ကုမ္ပဏီလီမိတက် သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အညီ B.O.T စနစ်ဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစတင်ကာ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းပထမအဆင့်အဖြစ် မိုင်တိုင်အမှတ် (၂၂/၃)မှ (၅၀/၀)ထိ (၂၇)မိုင်(၅)ဖာလုံ ရှည်လျားသည့် မှော်ဘီ-တိုက်ကြီး လမ်းပိုင်းအတွက် မူလ (၂၄)ပေအကျယ် ကတ္တရာလမ်းမှ (၄၈)ပေအကျယ် (၄)လမ်းသွား ကတ္တရာကွန်ကရစ် လမ်းမကြီးအဖြစ် တိုးချဲ့တည်ဆောက်ခဲ့ပါသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန က တိုင်းတာထားသော Geometric Design ကို အခြေခံကာ ချမှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ခဲ့ပြီး လမ်းအရည်အသွေး ကောင်းမွန်စေရန်နှင့် လမ်းအသုံးပြုသူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန် ရည်ရွယ်၍ ဂျပန်နိုင်ငံမှ အတွေ့အကြုံရင့် Nippon Koei ကုမ္ပဏီထံ Detailed Design အပ်နှံခဲ့ကာ တည်ဆောက်ပြီး လမ်းပိုင်းများကိုလည်း Design Control နှင့် Quality Control များကို စစ်ဆေးဆောင်ရွက်စေခဲ့ပါသည်။ စုစုပေါင်း (၃၀၈)မိုင်(၅)ဖာလုံ ရှည်လျားသော ရန်ကုန် - ပြည် - မကွေး လမ်းမကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး တို့အား ဆက်သွယ်ထားကာ နိုင်ငံအတွက် အရေးပါဆုံးသော လမ်းမကြီးများထဲတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။


Page 7 of 29

နေ့စဉ်သတင်းစာများရယူရန်